Saturday, March 2, 2013

ညီမလေးသို့


ညီမလေးရေ ချစ်ရတဲ့ညီမလေးမို့ ကိုကိုတစ်ခုပြောပါရစေ။ ခေတ်ဆန်တာနဲ့၊ ခေတ်မီတာက တူသလိုနဲ့ တကယ်တော့ကွဲပြားပါတယ်။ ခေတ်မီတယ်ဆိုတာ ကမ္ဘာမှာဖြစ်ပျက်နေတာတွေကို သိပြီး ခေတ်နဲ့အညီ သပ်ရပ်စွာဝတ်စားနေထိုင်တတ်ခြင်းပါ။ ခေတ်ဆန်တယ်ဆိုတာက ခေတ်ကိုအကြောင်းပြပြီး ကိုယ်နဲ့သင့်မှန်းမသင့်မှန်းမသိဘဲ မ၀တ်သင့် မလုပ်သင့်တာတွေကို လုပ်ဆောင်ဝတ်ဆင်ခြင်းပါ။ ခေတ်မီလို့ ရပါတယ်။ ခေတ်တော့မဆန်လိုက်ပါနဲ့ ညီမလေး ရယ်။ မြန်မာအမျိုးသမီးဆိုတာ အင်မတန်မှကို ဂုဏ်သိက္ခာရှိပြီး တန်ဖိုးထားလေး စားဖွယ်ကောင်းတဲ့ သူတွေပါ။ ကိုးရီးယားမင်းသမီးတွေကို အတုယူမယ့် အစား တော်လေး၀၀င်တဲ့ အမရာ၊ ကိန္နရီ၊ မဒ္ဒီ နဲ့ သမ္ဘူလတို့ကို အတုယူလိုက်စမ်းပါ။ ဒီလိုပြောလို့ ရှေးတုန်းကလို ထမီနဲ့ ရင်ဖုံးတကားကားနဲ့ နေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ စိတ်ဓါတ်နဲ့ ကိုယ်ကျင့်သိက္ခာကို အတုယူစေလိုတာပါ။  ခေတ်နဲ့အညီ ၀တ်စားဆင်ယင်ပါ။ ဒါပေမယ့် ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့ မိန်းကလေး တစ်ယောက်ရဲ့တန်ဖိုးကိုတော့ ထိန်းစေချင်တယ် ညီမလေးရယ်။ တိုကပ်နေအောင် ၀တ်မှ ခေတ်မီတာမဟုတ်ပါဘူး။ လှပြီးသားလူက ဘာဝတ်ဝတ်လှနေတာပါပဲ ကွယ်။ ခေတ်ဆန်တဲ့၊ တိုတိုကပ်ကပ်တွေ ၀တ်ထားတဲ့ မိန်းကလေးကို ယောက်ျားလေးတွေ သဘောကျချင် ကျလိမ့်မယ်။ ဒါပေမယ့် ချစ်မှာတော့ မဟုတ်ဘူး။ အိမ်ထောင်ဘက်အဖြစ် ရွေးချယ်မှာလဲ မဟုတ်ဘူး။ လူဆိုတာ အလကားရရင်တော့ ဘာမဆိုယူတတ်ကြတာပဲ။ ဒါပေမယ့် တန်ဖိုးတော့ထားချင်မှ ထားမှာပဲ ဘာလို့လဲဆိုတော့ အလကားရတဲ့ ပစ္စည်းကို တန်ဖိုးမထားတတ်ကြတာ လူ့သဘာဝပဲမဟုတ်လား။  ပြီးတော့ နောက်တစ်ခုက ကိုးရီးယားကားတွေကြည့်ပြီး မိန်းကလေးတွေ အရက်သောက်လာကြတဲ့ ကိစ္စ။ ညီမလေးရယ် ကိုကိုတို့က ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေပါ။ မြတ်စွာဘုရားရဲ့ အဆုံးအမနဲ့အညီ နေထိုင်ကြတဲ့မြန်မာလူမျိုးတွေပါ။ ကိုကိုတို့ယောက်ျားလေးတွေက ကံငါးပါးထဲက သုရာမေရကံကို ကျူးလွန်တတ်ကြပေမယ့် ညီမလေးတို့မိန်းကလေးတွေကတော့ အစဉ်အမြဲရှောင်နိုင်ခဲ့ ကြတာမဟုတ်လား။ ကိုကိုတို့ ဓလေ့ထုံးတမ်းအရရော မသင့်လျော်၊ မြတ်စွာဘုရားကလည်းတားမြစ်ထားတဲ့ ကံငါးပါးထဲက သုရာမေရကံကို ဘာလို့များ ချိုးဖောက်ချင်ရတာလဲကွယ်။ အရက်သေစာဆိုတာ ယောက်ျားလေးပဲ သောက်သောက် မိန်းကလေးပဲသောက်သောက် ကောင်းတဲ့အရာမှ မဟုတ်တာပဲ ညီမလေးရယ်။ ကျန်းမာရေးလည်းထိခိုက်တယ်။ မူးနေတော့ စဉ်းစားနိုင်စွမ်းလည်းမရှိ၊ ကိုယ်ဘာတွေပြောမိမှန်း၊ လုပ်မိမှန်းလည်း မသိနိုင်ဘူးမဟုတ်လား။ ကိုးရီးယားမှာတော့ ထားပါတော့။ သူတို့နိုင်ငံက သိပ်အေးတာကိုး။ ဒီတော့ အချမ်းခံနိုင်အောင် နည်းနည်းဖြစ်ဖြစ်တော့ သောက်ကြရတာပဲလေ။ သူတို့နိုင်ငံမှာတောင် မိန်းကလေး တွေကို အများကြီးပေးသောက်လေ့မရှိပါဘူး။ ရုပ်ရှင်နဲ့ အပြင်လက်တွေ့က ဘယ်တူနိုင်ပါ့မလဲ ညီမလေးရယ်။ ကိုကိုပြောတာလည်း များသွားပြီ။ ညီမလေးလည်း ပညာတတ်တစ်ယောက်ပါ။ ဒီတော့ သေသေချာချာ စဉ်းစားပါ ညီမလေးရယ်။ တန်ဖိုးရှိတဲ့ မိန်းကလေးရဲ့ သိက္ခာကို တန်ဖိုးတတ်အောင်မြှင့်တင်လိုက်ပါ။ ဒီနေ့ခေတ်ကြီးထဲမှာ Fashion ကသိပ်ခေတ်စားနေတော့ လူတစ်ယောက်မှာ Style တစ်ခုတော့ ရှိရမယ်ဆိုတာ ကိုကိုလက်ခံပါတယ်။ ဒါပေမယ့် ဒီ Style က Smart ဖြစ်နေဖို့တော့လိုတယ်လို့ ကိုကိုထင်တယ်။ နိုင်ငံခြားသားတွေတောင် မြန်မာ့ရိုးရာဝတ်စုံကို ခုံခုံမင်မင် ၀တ်ဆင်ကြသေးရင် ကိုကို့ညီမလေးလည်း ကိုကိုတို့ ရိုးရာဝတ်စုံကို ဂုဏ်ယူစွာ ၀တ်ဆင်နိုင်ပါစေကွယ်။

No comments:

Post a Comment

ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ